မယ်စဲ့မြို့နယ်၌ ဥယျာဉ်ခြံထွက်သီးနှံ ကွမ်းသီးများဆွတ်ခူးချိန် ပုံမှန်ဝင်ငွေရရှိ

 


မယ်စဲ့၊ စီးပွားရေး

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်များ ဆွတ်ခူးချိန် ဈေးကွက်ကောင်းမွန်သဖြင့် ပုံမှန်ဝင်ငွေရရှိကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

“အခုဆိုရင် ကွမ်းသီးဈေးကွက် ကောင်းမွန်လာတဲ့အတွက် ကွမ်းသီးအခြောက် တစ်ပိဿာကို ငွေကျပ် ၉၀၀၀ နဲ့ရောင်းရတယ်။ ဒေသထွက်ကွမ်းသီးကို မြို့နယ်တွင်း စားသုံးသူတွေအပြင် ဖရူဆိုမြို့ကို တင်ပို့ရောင်းချရ တယ်။ အရင်နှစ် နယ်စပ်ကုန်သွယ်ရေးလမ်းတွေ ဖွင့်တုန်းကတော့ ထိုင်းနိုင်ငံက အနီးအနားကျေးရွာတွေကိုပါ ရောင်းချရတယ်။ ကွမ်းသီးဈေးကွက် ပုံမှန်ရှိတဲ့အတွက် ခြံပိုင်ရှင်တွေအတွက်တော့ ကွမ်းသီးဆွတ်ခူးချိန် ပုံမှန်ဝင်ငွေရရှိပါတယ်” ဟု ကွမ်းသီးပင်စိုက်ပျိုးထားသူ  ခြံပိုင်ရှင်တစ်ဦးကပြောသည်။

ကွမ်းသီးပင်သည် ရေနှင့်အေးမြသောရာသီဥတုကို  ကြိုက်နှစ်သက်ပြီး  စွတ်စိုစိမ့်အေးသောနေရာတို့တွင် အပင်ဖြစ်ထွန်းသဖြင့် မယ်စဲ့မြို့၌  စိမ့်စမ်းရှိ၍ အရိပ်ကောင်းသော ဥယျာဉ်ခြံမြေများတွင် ကွမ်းသီး အဝိုင်း မျိုးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။ ကွမ်းသီးပင်တစ်ပင်လျှင် ပန်းခိုင်သုံးခိုင်ထွက်ရှိပြီး  အချို့အပင်တွင် ပန်းခိုင်နှစ်ခိုင်သာထွက်ကာ မိုးကောင်း၍ ရေရပါက သီးအားပိုကောင်းသည်။ ဒီဇင်ဘာလတွင် ကွမ်းသီး များရင့်မှည့်ကာ ဇန်နဝါရီလတွင် စတင်ဆွတ်ခူးနိုင်ပြီး ကွမ်းသီးပင်တစ်ပင်မှ အသီးသုံးကြိမ်၊ လေးကြိမ်ခန့် ဆွတ်ခူးနိုင်သည်။ ကွမ်းသီးခိုင်တစ်ခိုင်လျှင် သီးအားကောင်းပါက အလုံး ၃၀၀ အထိသီးပြီး မှည့်လာသော အသီးတို့ကို ချိတ်ဖြင့်ခူးကြသည်။ ခူးယူပြီးသော ကွမ်းသီးကိုအခွံခွာ၍ ရေဆေးပြီးနေလှန်းရသည်။  အချို့က  အပင်ဖောက်ပြီးရောင်းချကြကြောင်း သိရသည်။                       

ဝတ်ရည်

Post a Comment

0 Comments