နေပြည်တော် ဖေဖော်ဝါရီ
၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊
သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ် ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ်၊
တကောင်းမြို့ ပြည်သူ့ဆေးရုံနှင့်ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါး
ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ်၊ ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
မန်တုံပြည်သူ့ ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင်များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ
ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသပေးနိုင်ပါရန် အကူအညီ တောင်းခံမှုကြောင့် သက်ဆိုင်ရာ
တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များအလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သားပါရဂူများ၊
ဆရာဝန်များနှင့်သူနာပြုများပါဝင်သော ဆေးကုသရေး အဖွဲ့အား စေလွှတ်၍ ရောဂါဝေဒနာခံစားနေရသည့်
ဒေသခံပြည်သူများကို လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါဆေးရုံများ၌ တပ်မတော်ဆေးကုသရေး အဖွဲ့များက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အထူးပင်ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား
ဆေးကုသပေးထားမှု အခြေအနေများ၊ ကျန်းမာရေး တိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး
မေးမြန်းအားပေး စကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဒေသခံပြည်သူများအတွက်
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို
လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
0 Comments