တပ်မတော်၏ ဥပဒေနှင့်အညီ ဆောင်ရွက်မှုအပေါ် ငြိမ်းချမ်းစွာ ထောက်ခံပွဲပြုလုပ်




နေပြည်တော်  ဖေဖော်ဝါရီ  ၂၅

တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား  ယာယီသမ္မတမှ လွှဲပြောင်းတာဝန်ပေးအပ်ထားသည့်   ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခေတ္တထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ   ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော်အား  ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လူအင်အားတစ်သိန်းခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးရှေ့၊ ကွမ်းခြံလမ်းနေရာမှစ၍ ဂျိုးဖြူလမ်း၊ အလံပြဘုရားလမ်း၊   ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားသို့ တစ်ပတ်ပတ်ကာ စုရပ်ကွမ်းခြံလမ်းနေရာသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ လည်းကောင်း၊   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူအင်အား ၅၀၀၀ ခန့်သည်   ဈေးပိုင်းရပ်ကွက်၊ ကုန်သည်လမ်းနှင့် မြို့မဈေးမြောက်ဘက်တို့တွင်လည်းကောင်း၊    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နှင့် ငပုတောမြို့တို့တွင် လူအင်အား ၁၀၀၀ ခန့်၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် လူအင်အား ၁၅၀၀ ခန့်၊ မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် လူအင်အား ၁၃၀၀ ဦးခန့်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင်   လူအင်အား ၁၄၀၀ ခန့်တို့ဖြင့်လည်းကောင်း    ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍    တပ်မတော်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် နိုင်ငံတော်အလံများ၊  တပ်မတော်အလံများနှင့်အတူ စစ်ချီတေး၊ စစ်သည်တေးများကို ဖွင့်လှစ်ပြီး အမျိုးဘာသာသာသနာကို  စောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ We  Stand  With  Our Defence  Services ၊ We Want   Democracy ၊ We  Stand With  State Administration Council ၊ ပြည်သူတို့၏အကျိုးကို အမှန်ဖော်ဆောင်မည့် တပ်မတော်အား ထောက်ခံပါသည်၊ စစ်မှန်သော  ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အား ထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ထောက်ခံပါသည်ဟု စာသားပါဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲနောက်ပိုင်း တပ်မတော် အပေါ်ထောက်ခံကြောင်း  ဟောပြောပွဲ(၃၄)ကြိမ်၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု(၁၃၂)ကြိမ်၊ မော်တော်ယာဉ်များဖြင့် လှည့်လည် ဆန္ဒဖော်ထုတ်မှု (၁၈)ကြိမ်၊  ရပ်လျက်ဆန္ဒဖော်ထုတ်မှု(၄)ကြိမ်၊     စုစုပေါင်း  (၁၈၈)ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments