ပြည်ထောင်စုနေ့အဓိဌာန်

 


ပြည်ထောင်စုနေ့အဓိဌာန်


“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ


တို့ပြည်၊ တို့မြေ။


များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့


ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်


တို့ပြည်၊ တို့မြေ။


ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ


အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ


(ကမ္ဘာ မကျေ မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့


ချစ်မြတ်နိုးပေ)၂


ပြည်ထောင်စုကိုအသက်ပေးလို့ တို့ကာကွယ်


မလေ။ ဒါတို့မြေ- ဒါတို့မြေ- တို့ပိုင်နက်မြေ။ တို့ပြည်


တို့မြေ အကျိုးကို ညီညာစွာ တို့တစ်တွေ ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ....။


အထက်ပါ နိုင်ငံတော်သီချင်းသည် မြန်မာပြည်သူတို့အတွက် ဘယ်သောအခါမျှ မရိုးနိုင်သော၊ မြန်မာ့အားမာန်ကို နိုးကြားစေသော အမျိုးသားသီချင်းပင် ဖြစ်ပါ၏။


နေ့ကြီးရက်ကြီး အခမ်းအနားများတွင် လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများ ပြည်ပနိုင်ငံများသို့ အလုပ်သဘော ခရီးသွား၍ စင်မြင့်ထက် ဂုဏ်ပြုခံရသည့်အခါတွင် လည်းကောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများ ဆုချီးမြှင့်ခံရသည့် အခါတွင်လည်းကောင်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံကို လွှင့်ထူပြီး နိုင်ငံတော်သီချင်းကို သီဆိုဂုဏ်ပြုကြသည်ကို တွေ့မြင်ရလျှင် အားတက်ကြည်နူးမှုကို ခံစားရသည်မှာ အမှန်ပင်ဖြစ်လေသည်။


နိုင်ငံတော်သီချင်း၏လေးနက်မှု၊ အဓိပ္ပာယ်ပြည့်ဝမှု၊ ရည်ရွယ်ချက်ခိုင်မာမှုတို့ကို စာရေးသူတွေးကြည့်ပြီး နှစ်သက်သဘောကျမိ၏။ အထက်ပါ နိုင်ငံတော်သီချင်း၏ “ခြေဆင်း” အပိုဒ်ပါ စာသားများကို သေချာလေ့လာကြည့်လျှင် အနှစ်သာရအပြည့်အဝရှိကြောင်း သိနိုင်၏။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် စာရေးသူတို့အဘိုး၊ အဘွားများထားရစ်ခဲ့သည့် “ပြည်ထောင်စုအမွေ” ဖြစ်၏။ ထိုအမွေကို ထာဝစဉ်ခိုင်မြဲ တည်တံ့နေစေရန် တိုင်းရင်းသား ပြည်သူအားလုံးတို့က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရပေမည်။


သည်အတွက် ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်ကို တိုင်းရင်းသားပြည်သူ အားလုံးတို့က စိတ်တူကိုယ်တူ ညီညာဖြဖြ ချမှတ်ထားရန်လိုသည်။


အခြေခံကောင်းရှိသော မြန်မာနိုင်ငံ


ဆိုရလျှင် မြန်မာနိုင်ငံသည် ပထဝီဖွဲ့စည်းမှုအရ အခြေခံကောင်းများစွာ ရှိသောနိုင်ငံဖြစ်၏။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၆၁၂၂၈ ရှိပြီး အရှေ့တောင်အာရှတွင် အကြီးဆုံးသော ကုန်းနိုင်ငံဖြစ်၏။


နိုင်ငံတော်ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော ပြည်နယ်ခုနစ်ခု၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ ဟူသောတိုင်းဒေသကြီး ခုနစ်ခုတို့ဖြင့် စုပေါင်းဖွဲ့စည်းထား၏။ အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ပထဝီဖွဲ့စည်းမှု၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု စသည့်အခြေခံကောင်းများလည်း ရှိ၏။


ထို့ကြောင့်ပင် ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အချင်းချင်းရိုင်းပင်း ကူညီမှု၊ အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံသော မျိုးချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့သည် မြန်မာ့သမိုင်းတွင် အထင်အရှားကမ္ပည်းတင်ထားနိုင်ခဲ့၏။ ယင်းစိတ်ဓာတ်သည် တိုင်းရင်းသား လူမျိုးများ၏ အတွင်းအဇ္ဈတ္တသန္တာန်၌ အခြေခံအားဖြင့် ကိန်းဝပ်တည်ရှိပြီးဖြစ်သည်။ ပြည်ထောင်စုစိတ်ဓာတ်ကို တိုင်းရင်းသားအားလုံးတို့က ဆက်လက်ထွန်းကားပြန့်ပွားအောင် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ကြရပေမည်။


ရှေးမဆွက မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် ခမ်းနားထည်ဝါစွာ လွတ်လွတ်လပ်လပ် နေထိုင်လာခဲ့သော နိုင်ငံဖြစ်သည်။ သို့တစေ နယ်ချဲ့ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲပြီး မတရားတိုက်ခိုက် သိမ်းပိုက်ခဲ့ကြ၏။ ဤသည်ကိုမျိုးချစ်စိတ်ဓာတ် ထက်သန်သော တိုင်းရင်းသားပြည်သူတို့က ရောက်ရာဒေသမှရရာ လက်နက်ကို ကိုင်စွဲပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြ၏။


မြန်မာမျိုးချစ်တို့၏ တွန်းလှန်တိုက်ခိုက်မှုများကို နယ်ချဲ့တို့နှိမ်နင်းပြီး မြန်မာနိုင်ငံကိုသိမ်းပိုက်ကာ တောင်ပေါ်နှင့် မြေပြန့်ဟူ၍ သွေးခွဲအုပ်ချုပ်ခဲ့ကြ၏။


ယင်းကို မကြည်ဖြူမလိုလားကြသော တိုင်းရင်းသား ပြည်သူများသည် ၁၉၀၆ ခုနှစ်မှစ၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာဟူသော ကြွေးကြော်သံကို ဟစ်ကြွေးလျက် စည်းလုံးညီညွတ်လာခဲ့ကြ၏။


ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)နှင့် မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)တို့ကို တည်ထောင်ခဲ့ကြ၏။ ထို့နောက် တို့ဗမာအစည်းအရုံးကို တည်ထောင်ကာ မျိုးချစ်လူငယ်များက သခင်ဘွဲ့ကို ခံယူ၍ လွတ်လပ်ရေး ရရှိအောင် နိုင်ငံရေးနည်းဖြင့် တိုက်ပွဲဝင်ခဲ့ကြ၏။


ထိုအချိန်တွင် ဒုတိယကမ္ဘာစစ်မီးသည် ကမ္ဘာ့အရှေ့ပိုင်းသို့ ကူးစက်လာပြီး များမကြာမီပင် ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်တို့သည် မြန်မာနိုင်ငံအတွင်းသို့ ချီတက်ဝင်ရောက်ကာ နယ်ချဲ့ဗြိတိသျှတို့ကို တိုက်ထုတ်ခဲ့သည်။


“အရှေ့အာရှသာတူညီမျှရေး”ဟူ၍ ကြွေးကြော်ခဲ့သော ဖက်ဆစ်တို့သည် မြန်မာတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်အုပ်ချုပ် သောကြောင့် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ တွန်းလှန်မောင်းထုတ်ခဲ့ရလေသည်။


ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှ လက်အောက်ပြန်လည် ရောက်ရှိခဲ့ပြန်ရာ တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် လွတ်လပ်ရေး ရရှိရန် ဆက်လက်ကြိုးပမ်းခဲ့ရပြန်သည်။


နယ်ချဲ့တို့၏ သွေးခွဲမှုကြားမှ မြန်မာနိုင်ငံ


နယ်ချဲ့တို့၏ အမျိုးမျိုး အဖုံဖုံနည်းမျိုးစုံသုံး၍ သွေးခွဲသည့်ကြားမှ တိုင်းရင်းသားလူမျိုးများသည် စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြ၏။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ပြယုဂ်၊ ပြည်ထောင်စုစိတ်ဓာတ်၏ မီးရှူးရောင်ဖြစ်သော “ပင်လုံစာချုပ်”ကို ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် “ပြည်ထောင်စုစိတ်ဓာတ်”ကို အထင်အရှားပြသခဲ့သော ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့သည် မြန်မာ့သမိုင်းတွင် “ပြည်ထောင်စုနေ့” ကို ပေါ်ထွန်းစေခဲ့၏။ ယနေ့ဆိုလျှင် ပြည်ထောင်စုနေ့သည် (၇၄)နှစ်မြောက်ပြီး ဖြစ်ပါ၏။


ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသော တိုင်းရင်းသားစည်းလုံးညီညွတ်မှု စွမ်းပကားဖြင့် နယ်ချဲ့တို့ထံမှ လွတ်လပ်ရေး ရယူနိုင်ခဲ့၏။ အချုပ်အခြာအာဏာပိုင်သော မြန်မာနိုင်ငံအဖြစ် ကမ္ဘာကို ကြေညာနိုင်ခဲ့၏။


လွတ်လပ်ရေးရပြီး မကြာမီမှာပင် ပါတီဂိုဏ်းဂဏ၊ ဝါဒစွဲများကြောင့် လွတ်လပ်ရေးအတွက် အတူလက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်ရဲဘက် အချင်းချင်း ရိုင်းပင်းလိုစိတ်နည်းပါးလာ၏။ အမျိုးသားသွေးစည်း ညီညွတ်မှုယိမ်းယိုင်ခဲ့၏။ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည်လည်း ဖရိုဖရဲပြိုကွဲလုလု ဖြစ်ခဲ့၏။


ထိုအခြေအနေတွင် မြန်မာ့တပ်မတော်သည် တိုင်းပြည်မျက်နှာ၊ ပြည်သူ့မျက်နှာကို ငဲ့ညှာထောက်ထား၍ မလွှဲမရှောင်သာ နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင်တစ်ကြိမ် ထိန်းသိမ်းခဲ့ရ၏။ ထိုအချိန်မှစ၍ ပြိုကွဲလုလုဖြစ်နေသာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ကြိုးပမ်းတည်ဆောက်ခဲ့ရ၏။ တိုင်းရင်းသားလူမျိုးများ အားလုံး မလွဲဧကန်လက်ခံနိုင်မည့် “အမျိုးသားရေးဝါဒ” ဖြစ်သော “ဒို့တာဝန်အရေးသုံးပါး”ကို ဦးထိပ်ထားကာ ဖော်ဆောင်ခဲ့ပါ၏။


-ပြည်ထောင်စုမပြိုကွဲရေး၊


-တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊


-အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော အမျိုးသားရေးဝါဒကို ခိုင်ခိုင်မာမာ ချမှတ်လျက် တိုင်းရင်းသားပြည်သူများ၏ နှလုံးသည်းပွတ်တွင် “ပြည်ထောင်စုစိတ်ဓာတ်” အစဉ်ထာဝရ ကိန်းအောင်းရှင်သန်နေစေရန် ဦးစားပေးဆောင်ရွက်ခဲ့၏။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးကို ဆောင်ရွက်နေ၏။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းနေ၏။


တစ်ချိန်တည်းတွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော်” တည်းဟူသော ဘိုးဘွားအမွေအနှစ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် လိုအပ်ပါ၏။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ခိုင်မြဲရေး အတွက် မရှိလျှင် မဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် တိုင်းရင်းသား ပြည်သူအပေါင်းနှင့် တာဝန်ရှိသူ အသီးသီးတို့က ညီညာဖြဖြ အကောင်အထည်ဖော်ဆောင်ရွက်ကြရန် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် ခိုင်မာစွာ အဓိဋ္ဌာန်ပြုကြပါစို့။ ။


တက္ကသိုလ်သင်္ခ ‌

Post a Comment

0 Comments