အသိပေးထုတ်ပြန်ချက်

 


၁။      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလတွင်  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား   နိုင်ငံတော်၏  ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ထားပြီးဖြစ်ပါသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၄၁၈၊ ပုဒ်မခွဲ(ခ)အရ  ထိုသို့ အာဏာလွှဲအပ် ဆောင်ရွက်သည့်နေ့မှစ၍ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များသည် တာဝန်မှ ရပ်စဲသွားသည်ဖြစ်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်း ခန့်အပ် တာဝန်ပေးထားပြီးဖြစ်ပါသည်။

၂။      လက်ရှိဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် အသိပေးကြေညာချက် တစ်စောင်ထုတ်ပြန်ထားပါသည်။ ယင်းအသိပေး ကြေညာချက်တွင် ''နိုင်ငံတော်အတွင်း ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ဖြစ်စဉ်များတွင် မဲမသမာမှုများ

ပေါ်ပေါက်ခဲ့သဖြင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို စတင်ပြုလုပ်လျက်ရှိကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးထားသော လွှတ်တော်ကိုယ်စားလှယ် အသိအမှတ်ပြုလွှာများသည် မဲမသမာမှုများ အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေစဉ် ကာလအတွင်း အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိကြောင်း'' ဖော်ပြပါရှိပါသည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အသိပေး ကြေညာချက်တွင် ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ဆဲ အဆင့်တွင် မိမိတို့သဘောအလျောက် လွှတ်တော်ကိုယ်စားပြု ကော်မတီများ ဖွဲ့စည်းခြင်း၊ ယင်းကော်မတီက ဆောင်ရွက်သည့် အစည်းအဝေးများ ပြုလုပ်ခြင်း၊ ကြေညာချက်၊ အသိပေးချက်များ ထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးခြင်း အစရှိသည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တည်ဆဲ ဥပဒေများအရ တရားဝင်ခြင်းမရှိကြောင်း'' ဖော်ပြပါရှိပါသည်။  

၃။      ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅ နှင့် အမျိုးသား လွှတ် တော်ဆိုင်ရာ နည်းဥပဒေ ၅ တို့တွင် လွှတ်တော် ကိုယ်စားလှယ်ဖြစ်မြောက်ရန် လိုအပ်ချက်(၃)ချက် အနက် ''ဥက္ကဋ္ဌရွေးကောက် တင်မြှောက်ခြင်း မပြုရသေးပါက   သဘာပတိ၏ ရှေ့မှောက်၌ လည်းကောင်း၊  ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ပြီးပါက  ဥက္ကဋ္ဌ၏ ရှေ့မှောက်၌လည်းကောင်း နောက်ဆက်တွဲ(က)ပါ အတိုင်း ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးပြီးသူ ဖြစ်ခြင်း''  ဟူသည့် အချက်ကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားရာ ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကတိသစ္စာ မပြုရသေးသူများသည် လွှတ်တော် ကိုယ်စားလှယ် ဖြစ်မြောက်ခြင်း မရှိသေးကြောင်း တွေ့ရှိရပါသည်။

၄။      သို့ပါ၍  လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည် ပိုင်ခွင့် မရှိသေးသူများက ''ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ'' (CRPH)အမည်ဖြင့် ကော်မတီဖွဲ့စည်း ဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင်   ကြီးလေးသည့် ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့်  ယင်းတရားမဝင် ကော်မတီတွင်  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်း မပြုကြရန်နှင့် ထိုသို့ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  အသိပေး ထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

Post a Comment

0 Comments