နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃
COVID-19
ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဗုဒ္ဓဘာသာဘုရား စေတီများ အပါအဝင်
သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေး ကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များ
ယာယီရပ်ဆိုင်း ထားရှိရာမှ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ
စိတ်အေးချမ်းသာစွာ ဖူးမြော်၊ ဝတ်ပြု၊ ကြည်ညိုတရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍
ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်ထားရှိရာ ယနေ့တွင်
ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်
တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိ
စေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊
စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများသည်
COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်
ယူလျက်ရှိကြသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ လည်းကောင်း၊ နံနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း၊ နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ လည်းကောင်း နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း၊ ညနေ ၅ နာရီမှ ၆ နာရီအထိ လည်းကောင်း ဖူးမြော်နိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အစ္စလမ်ဘာသာရေး ကျောင်းများ၊
ခရစ်ယာန် ဘာသာရေး ကျောင်းများနှင့် ဟိန္ဒူဘာသာရေး ကျောင်းများကိုလည်း သက်ဆိုင်ရာ ဘာသာများ
အလိုက် အများပြည်သူ ဝတ်ပြုကြည်ညိုနိုင်ရေး အတွက် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ
ဖွင့်လှစ်ထားရှိရာ သက်ဆိုင်ရာ ဘာသာဝင်များက စည်းမျဉ်း စည်းကမ်းများနှင့် အညီ
စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြောင်း သတင်းရရှိသည်။
0 Comments