အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ မတ် ၁ ရက်)

တရားဝင်သတ်မှတ်သည့်အတိုင်း သုံးနှုန်းဖော်ပြကြရန်



လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်မတိုင်ခင်က မြန်မာနိုင်ငံ၏အမည်ကို အင်္ဂလိပ်ဘာသာဖြင့် Burma ဟု ရေးသား ကြသည်။ ထို့နောက် ထိုစဉ်က နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံကို Myanmar  ဟုတရားဝင်ခေါ်ဆိုရန် နိုင်ငံ တကာသို့အသိပေးအကြောင်းကြားပြီး ခေါ်တွင်စေခဲ့သည်။ ဤသည်မှစ၍ မြန်မာသည်အမည်မှန်ဖြစ်ခဲ့သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးအတွက် ထိုစဉ်က မြို့၊ ရွာ၊ ကျေးလက်၊ လမ်းအမည်များကို မြန်မာ နာမည်စစ်စစ်သို့ပြန်လည်သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့တို့က သူတို့၏စစ်ဗိုလ်ချုပ်ကြီးများကို ဂုဏ်ပြု မှည့်ထားသောအမည်များကို မြန်မာတိုင်းရင်းသားခေါင်းဆောင်များအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခုအခါ တိုင်းရင်းသားခေါင်းဆောင်များ၏အမည်ဖြင့် ခေါ်တွင်လျက်ရှိသည်။

မြန်မာဟူသောအမည်သတ်မှတ်ချက်ကိုလည်းတိတိကျကျသတ်မှတ်ပေးခဲ့သည်။ မြန်မာဆိုသည်မှာ တိုင်းရင်း သားအားလုံးကို ကိုယ်စားပြုသတ်မှတ်ထားသောအမည်ဖြစ်ကြောင်း၊ ဗမာဆိုသည်မှာ လူမျိုးစုတစ်ခု၏ အမည် ဖြစ်ကြောင်း ဖွင့်ဆိုခဲ့ပြီးဖြစ်သည်။ ထိုစဉ်ကပင် အစိုးရကိုကန့်လန့်တိုက်သူအချို့က ပြောင်းလဲသတ်မှတ် ထားသောနာမည်ကိုမသုံးစွဲဘဲ အင်္ဂလိပ်တို့သတ်မှတ်ထားသောနာမည်ကို စွဲကိုင်အသုံးပြုသည်။

တစ်ကမ္ဘာလုံးက Myanmar  ဟုသုံးနှုန်းနေသောအခါ သူတို့အနေဖြင့် သီးခြားဖြစ်နေကာ နောက်ဆုံးတွင် အားလုံးသည် မြန်မာဖြစ်သွားတော့သည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပေါ်ပေါက်လာသောအစိုးရတစ်ရပ်ဖြစ်သည်။ ထိုအစိုးရ၏နာမည်သတ်မှတ်ချက်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဖြစ်သည်။ သတင်းများရေးသားထုတ်လွှင့်ဖော်ပြရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန်နှင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကို အာဏာသိမ်းစစ်အစိုးရဟုလည်းကောင်း၊အာဏာသိမ်းစစ်ကောင်စီဟုလည်းကောင်း မမှန်မကန်သုံးနှုန်းဖော်ပြခြင်းများမပြုလုပ်ကြရန်   ပြန်ကြားရေး ဝန်ကြီးဌာနက    မြန်မာနိုင်ငံသတင်း ကောင်စီနှင့် မီဒီယာအဖွဲ့အစည်းများ၊  ထုတ်ဝေနေသောသတင်းစာ၊ ဂျာနယ်များသို့ အကြောင်းကြား စာ သုံးကြိမ်ပေးပို့၍ မေတ္တာရပ်ခံဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

သို့ရာတွင် အချို့သောသတင်းမီဒီယာသမားများနှင့်သတင်းအဖွဲ့အစည်းများသည် အာဏာသိမ်းစစ်အစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့်အသုံးအနှုန်းများကို ဆက်လက်ရေးသားဖော်ပြနေခြင်း၊ လူထုဆူပူအုံကြွမှု ဖြစ်စေရန်ရည်ရွယ်၍ သတင်းမီဒီယာကျင့်ဝတ်နှင့်သွေဖည်ကာရေးသားဖော်ပြခြင်းတို့ကို ဆက်လက် လုပ်ဆောင်ဖော်ပြလျက်ရှိသည်။   ထိုသို့သောသတင်းမီဒီယာကျင့်ဝတ်နှင့်အညီ   ရေးသားဖော်ပြခြင်း မပြုသည့် သတင်းစာ၊ဂျာနယ်များအား သတင်းမီဒီယာဥပဒေ အခန်း(၄) ပုဒ်မ(၉)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရေးသား ဖော်ပြနိုင်ရေးအတွက် လိုအပ်သလို ကြီးကြပ်ဆောင်ရွက်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ထပ်မံအသိပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

သတင်းမီဒီယာသမားများနှင့်သတင်းအဖွဲ့အစည်းများသည် လက်ရှိအစိုးရ၏အမည်နာမသတ်မှတ်ထားသည့် အတိုင်း သတင်းများရေးသားဖော်ပြသင့်သည်။ သတင်းသမားဆိုသည်မှာ ဘက်လိုက်မှုကင်းရှင်းရမည် ဟုသတ် မှတ်ထားပြီးဖြစ်သည်။ မိမိလုပ်ကိုင်ဆောင်ရွက်နေသောအလုပ်ကို တန်ဖိုးထားပါလျှင် မှန်မှန်ကန်ကန် ပြောဆို ရေးသားသင့်ပေသည်။ လူပြိန်းကြိုက်ရေးသားဖော်ပြနေခြင်းသည် ကြာရှည်ခံမည်မဟုတ်ပေ။  သို့ဖြစ်ပါ၍ သတင်းမီဒီယာများအနေဖြင့်  သတင်းဖြစ်စေ၊ တရားဝင်အမည် နာမဖြစ်စေ လွဲမှားစွာရေးသား သုံးစွဲခြင်း မျိုးမှရှောင်ကြဉ်နိုင်ပါရန် ရေးသားလိုက်ရပေသည်။  


Post a Comment

0 Comments