ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွပြီး ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်နေသူများအား ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်





 


ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီး လူစုလူဝေးဖြင့် မင်းမဲ့စရိုက်ဆန်စွာ ဆူပူအုံကြွပြီး ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ် ဆောင်ရွက်နေသူများအား ဥပဒေနှင့်အညီထိန်းသိမ်းဆောင်ရွက်


နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ အချို့မြို့ကြီးများတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အား ထုတ်ပြန်ထားခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြည်သူများသို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား ချိုးဖောက်သူများနှင့် CDM ပြုလုပ်ရန် နည်းအမျိုးမျိုး ဖြင့် လှုံဆော်၊ ဖိအားပေး သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိပြီးဖြစ်သည်။

ထိုသို့ထုတ်ပြန်ထားရှိသော်လည်း ယနေ့နံနက် ၉ နာရီခန့်တွင် ပဲခူးတိုင်းဒေသ ကြီး၊ ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားအနီးတွင် လူစုလူဝေးအင်အား ၃၀၀၀ သည် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို လိုက်နာခြင်းမရှိဘဲ ဆူပူဆန္ဒပြလျက် ရှိကြောင်း သိရှိရသည်။

ဆူပူဆန္ဒပြမှုများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြား စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူစုလူဝေးမပြုလုပ်ရန်နှင့် လူစုခွဲရန်မေတ္တာရပ်ခံခဲ့သော်လည်း လူစုကွဲခြင်းမရှိသဖြင့် မီးခိုးဗုံး ၁ လုံးပစ်ခတ်၍လူစုခွဲခဲ့ရာ လူစုအနည်းငယ်သာကွဲခဲ့ပြီး ဆူပူဆန္ဒပြသူ ၁၀၀၀ ဦးခန့်သည် ဆက်လက် ဆူပူအုံကြွလျက်ရှိသည့်အပြင် မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လူအုပ်စု (Anarchy Mob) အသွင်ဖြင့် ပတ်ဝန်းကျင်ရှိ ဈေးဆိုင်တန်းများအား အကြောင်းမဲ့ လုယက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လေးဂွ၊ အုတ်ခဲ၊ ကုန်းသီး၊ ဖန်သီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို လုပ်ဆောင်လာခဲ့သည်။

ထိုကဲ့သို့ မင်းမဲ့စရိုက်ဆန်သည့် အကြမ်းဖက်လူအုပ်စု (Anarchy Mob) အသွင် ဖြင့် ဆူပူအုံကြွမှုများကို လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း ဥပဒေ နှင့်အညီ အနည်းဆုံး အင်အား အနိမ့်ဆုံးအဆင့်ဖြင့် ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီခန့်တွင် လူစုကွဲခဲ့သည်။

ဖြစ်စဉ်တွင် ဆူပူအုံကြွသူများ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၁ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး လူစုခွဲခြင်းဆောင်ရွက်စဉ် ဆန္ဒပြသူများအနက် အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းလျက်ရှိသည်။

ထို့ပြင် ဆူပူအုံကြွသူများသည် မင်းမဲ့စရိုက်အသွင်ဖြင့် ပဲခူးမြစ်ကူးတံတားအနီး ရှိ ဈေးဆိုင်တန်းများအား ဖျက်ဆီးလျက်ရှိသည့် Video file များကိုလည်း လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တည်ဆဲဥပဒေများဖြင့် အပြစ်မဲ့ ပြည်သူများအပေါ်အရေးယူလိုခြင်းမရှိသော်လည်း ပြစ်မှုဆိုင်ရာဥပဒေများကို အများပြည်သူ များသိရှိစေပြီး ဆူပူအုံကြွ၍ တည်ငြိမ်မှုကိုပျက်ပြားစေမည့်အကြံဖြင့် သွေးထိုးမြှောက်ပင့် စည်းရုံးမခံရစေရေးတို့အတွက် အသိပေးကြေငြာချက်များထုတ်ပြန်သတိပေးထားပြီး ဖြစ်၍ အများ ပြည်သူများအနေဖြင့် သွေးဆောင်စည်းရုံးသူ NLD နိုင်ငံရေးသမားများ၏ စည်းရုံးမှုအကြံဆိုးများကို လက်သင့်မခံဘဲ မိမိတို့၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာကိစ္စရပ် များကိုသာ အေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါသည်။

Post a Comment

0 Comments