နေပြည်တော် ဖေဖော်ဝါရီ ၂၄
ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ထိုင်းနိုင်ငံသို့ ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ပြန်လည်ရောက်ရှိသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ(ငြိမ်း)၊ ထိုင်းဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်းတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော်သွားရေး၊ နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ထိုင်းနိုင်ငံ ရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေးပိုမိုရရှိရေးနှင့် တရားဝင်လုပ်ကိုင်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကိုအခြေခံလျက် အာဆီယံပူးပေါင်း ဆောင်ရွက်မှုမူဘောင်အောက်မှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ထိုင်းဝန်ကြီးချုပ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးတို့အား မြန်မာနိုင်ငံ၏နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်ဆောင် ရွက်သွားမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့် နိုင်ငံခြားရေးမူဝါဒများကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မစ္စစ် ရတ်နိုမာဆူဒီအား ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့်အာဆီယံအကြား ပူးပေါင်း
ဆောင်ရွက်ရေးကိစ္စရပ်များအပြင် အာဆီယံ မိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်မှဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စ ရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။
(သတင်းစဉ်)
0 Comments