လူမှုကွန်ရက်ပေါ်မှ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်ဖြစ်စဉ်မှာ မှန်ကန်မှုမရှိ

 



နေပြည်တော် ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင် ရပ်ကွက်တွင် ဆလွန်းကားပေါ်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးတို့အား အသံဗုံး၊ တပ်မတော်မှ စာရွက်စာတမ်းအချို့၊ ငွေကျပ်သိန်း ၃ဝ တို့နှင့် အတူဖမ်းဆီးရမိကြောင်း လူမှုကွန်ရက်ပေါ်တွင် မသမာသူ လူအုပ်စုမှ ဝါဒဖြန့်ချိလျက် ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှာ ယနေ့ညပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မီးသတ်စခန်းမှ မီးသတ်ယာဉ်မောင်းဖြစ်သူ ဦးဌေးနှင့် ၎င်း၏ ဇနီး  ဒေါ်အေးရွှေ၊ အကူယာဉ်မောင်းဦးငြိမ်းအောင်တို့ သုံးဦးသည်  ဥယျာဉ်စု၊ ညောင်ကွဲရပ်ကွက်တွင် ပြုလုပ်သည့် ထမနဲထိုးပွဲသို့ သွားရောက်ပြီး   ၎င်းတို့နေအိမ်ဖြစ်သည့် လမ်း ၈ဝ၊ ၁၈x၁၉ လမ်းကြားသို့ပြန်လာစဉ် ပုလဲငွေရောင်ရပ်ကွက်သို့ အရောက်၌  လူ ၂ဝ ဦးခန့်ပါသော အုပ်စုက ယာဉ်အား တားဆီး၍ ဖမ်းဆီးခဲ့ပြီး ယာဉ်ပေါ်တွင်ပါရှိလာသည့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမည်ပါ ဖိုင်အလွတ် အဟောင်း တစ်ခုအားတွေ့ရှိ၍ ဖေဖော်ဝါရီ ၂၆ ရက်ဆူပူအုံကြွမှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးပြုပြီး ပေါက်ကွဲမှုမရှိသောအသံဗုံးကို အသုံးပြုကာ  လူမှုကွန်ရက် စာမျက်နှာပေါ်တွင်   ဝါဒဖြန့်ချိခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသော ပုံတွင်ပါရှိသည့် ငွေကျပ်သိန်း ၃ဝ မှာလည်း ဦးဌေး၏ ကိုယ်ပိုင်ငွေများသာ ဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ်နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဦးဌေးတို့ သုံးဦးအား ပြန်လည်ခေါ်ယူခဲ့ကြောင်းနှင့် ဆူပူအကြမ်းဖက်ရန် လှုံ့ဆော်သွေးထိုးသူများအား ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Post a Comment

0 Comments