ရန်ကုန်-တောင်ငူရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် - ၂၇



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ စီမံကိန်းရှိ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ယနေ့နံနက် ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ၏ တောင်ငူ-ညောင်လေးပင်လမ်းပိုင်း (CP-၁၀၃) စီမံကိန်း (အုတ်တွင်း) ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာ့မီးရထား တိုင်းအမှတ် (၅) တောင်ငူမှ  တိုင်းအရာရှိများ၊ တိုင်းအမှတ် (၆) ရန်ကုန်မှ တိုင်းအရာရှိများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်စီမံကိန်းအင်ဂျင်နီယာများနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထား ရှိမှုများ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရထားလမ်းစီမံကိန်း ဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များရှိပါကသိရှိဖြည့်ဆည်းပေးနိုင်ရေး လာရောက် ခြင်းဖြစ်ကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချော မွေ့စေရေးတွင် မီးရထားကဏ္ဍဖွံ့ဖြိုးရေးသည် အရေးကြီးပြီး ရထားပို့ဆောင်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ကြသော ဝန်ထမ်းများ အဆင့် အတန်းအားလုံး သည် နိုင်ငံတော်၏ အဓိကအရေးပါသည့် လုပ်ငန်းကို ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ယခုလို အားထုတ်ဆောင်ရွက် နေမှုများကို ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများသည် နှစ်ရှည်ပင်မစီမံကိန်းရေးဆွဲခြင်း၊ စီမံကိန်းများအတွက် အသေးစိတ်လေ့လာမှု ဆောင်ရွက် ခြင်း၊ လေ့လာမှုရလဒ်အပေါ်အခြေခံ၍ အကောင်အထည်ဖော်ခြင်း အချိန်ကာလကြာမြင့်စွာ ပြင်ဆင်ရသည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦများကို ရေရှည်တည်တံ့ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်၍ အရည်အသွေးစံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်ကြရန် စီမံကိန်းများကို အကောင်အထည် ဖော်ရာတွင် ပြည်တွင်းပုဂ္ဂလိကများ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပမိတ်ဆွေနိုင်ငံများ၏ ချေးငွေများနှင့် အကောင် အထည်ဖော်ရခြင်းဖြစ်၍ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဘဏ္ဍာငွေများကို အကျိုးရှိစွာဆောင်ရွက်ရေး၊ ပြည်ပနိုင်ငံ နည်းပညာများရရှိရေး အတွက် ကြိုးစားလေ့လာသင်ယူဆောင်ရွက်ကြရေး၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းပီသစွာ ကဏ္ဍအလိုက်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြစေရေး၊ ပုံမှန်ပြေးဆွဲနေသော ရထားများ အမြန်ပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ လက်ရှိတွင် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်များ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း မြန်မာ့မီးရထားမှအရာထမ်း၊ အမှုထမ်းများနှင့်လုပ်ငန်းကန်ထရိုက်တာများ၊ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်အတိုင်း လုပ်ငန်းများ အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အသိအမှတ်ပြုကြောင်းပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှင်းလင်းဆောင်ဝင်းအတွင်းရှိ သံလမ်းရှစ်ချောင်း  ဂဟေဆက် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး သံလမ်းဆက်လုပ်ငန်းများနှင့် ပတ်သက်၍အထွေထွေမန်နေဂျာ ဦးမောင်မောင်သွင် က ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အုတ်တွင်းဘူတာမှ မော်တော်ယာဉ်များဖြင့်  ဆက်လက် ထွက်ခွာရာ ပိန်းဇလုတ်ဘူတာသို့ ရောက်ရှိပြီးနောက် ပိန်းဇလုတ်ဘူတာမှ တောကျွဲအင်းဘူတာအထိ ၁၇ ဒသမ ၂၅ မိုင်အား သံလမ်းပြေးယာဉ် (RGC)) ဖြင့် သံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာကြားရှိ  တံတား အမှတ်(၁၈၃)သို့ ရောက်ရှိ၍  တံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ မြေသား လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်များ အပေါ် လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖြူးဘူတာသို့ရောက်ရှိပြီး ဖြူးဘူတာ တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဖြူးဘူတာရှိဝန်ထမ်းများကိုတွေ့ဆုံ၍ ဖြူးဘူတာရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာပြီး တာဝန်များကိုကျေပွန်စွာထမ်းဆောင်ကြရေး မှာကြားပြီး စားသောက်ဖွယ်ရာများပေးအပ် သည်။ ထို့နောက် တိုင်းအမှတ် (၆)မှ တာဝန်ရှိသူများကို ရန်ကုန်-မန္တလေး ရထားလမ်းများ ပုံမှန်ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာရာ တံတားအမှတ် (၂၀၃)သို့ရောက်ရှိ၍ တံတားကြီးတည်ဆောက် နေမှုလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြရာတွင် လုပ်ငန်း လိုအပ်ချက်များကိုမှာကြားခဲ့ကြောင်း သိရသည်။

Post a Comment

0 Comments